International News

ရုရှားနှင့်တရုတ်နိုင်ငံကြား ကုန်သွယ်မှုပမာဏသည် ယခုနှစ်အစတွင် ၄၁.၃ ရာခိုင်နှုန်း တိုးတက်ခဲ့

Last Updated:

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမှ ဧပြီလအတွင်း ရုရှားနှင့်တရုတ်ကြား ကုန်သွယ်မှုပမာဏသည် ၄၁.၃ ရာခိုင်နှုန်းတိုးလာပြီး အမေရိကန်ဒေါ်လာ ၇၃.၁၄၈ ဘီလီယံခန့်ရှိကြောင်း တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ သိရသည်။

အစီရင်ခံသည့်ကာလအတွင်း တရုတ်နိုင်ငံသည် ၎င်း၏မြောက်ပိုင်းအိမ်နီးချင်းနိုင်ငံသို့ ကုန်ပစ္စည်းများတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၃.၆၈၆ ဘီလီယံခန့်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၆၇.၂ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မှုပမာဏမှာ ၂၄.၈ ရာခိုင်နှုန်းတိုးလာပြီး အမေရိကန်ဒေါ်လာ ၃၉.၄၆၂ ဘီလီယံခန့်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဧပြီလတစ်လတည်းတွင် နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉.၂၂၈ ဘီလီယံအထိရှိပြီး ရုရှားသည် တရုတ်သို့ အမေရိကန်ဒေါ်လာ ၉.၆၀၆ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့ခဲ့ကာ တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၉.၆၂၁ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းခဲ့ကြောင်း သိရှိရ ပါသည်။

၂၀၂၂  ခုနှစ်တွင် နှစ်နိုင်ငံကြားကုန်သွယ်မှုပမာဏသည် ၂၉.၃ ရာခိုင်နှုန်းသို့ တိုးလာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၉၀.၂၇၁ ဘီလီယံခန့်အထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း၊ ဆန့်ကျင်ဘက်အနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း တရုတ်နှင့် အမေရိကန်တို့၏ ကုန်သွယ်မှုပမာဏသည် ၁၁.၂ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၁၇.၉၂၄ ဘီလီယံခန့်အထိရှိခဲ့ကြောင်း သိရှိရပါသည်။

ရုရှားနှင့် တရုတ်ခေါင်းဆောင်များဖြစ်သည့် ဗလာဒီမာပူတင်နှင့်ရှီကျင့်ဖျင်တို့သည် နှစ်နိုင်ငံကြားကုန်သွယ်မှုပမာဏကို တစ်နှစ်လျှင် ဘီလီယံ ၁၀၀ မှ ၂၀၂၄ ခုနှစ်တွင် ဘီလီယံ ၂၀၀ အထိ နှစ်ဆတိုးတက်ရန် ရည်မှန်းထားခဲ့ရာမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့၌ ဘေဂျင်းတွင် နှစ်နိုင်ငံခေါင်းဆောင်များအကြား ဆွေးနွေးပွဲအပြီးတွင် ကုန်သွယ်မှုတိုးမြှင့်ရေးရည်မှန်းချက်သစ်ကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံ ချမှတ်ခဲ့ကြောင်း ကရင်မလင်မှ ပြောရေးဆိုခွင့်ရှိသူ Mr. Dmitry Peskov က ပြောကြားခဲ့သည်။

Source : https://ria.ru/20230509/tovarooborot-1870549615.html

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News